International News

လယ်ယာကဏ္ဍပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုး‌ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြင်း

Last Updated:

အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာနသည်  ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း လယ်ယာကဏ္ဍမှ တင်ပို့နိုင်မှုအခြေအနေအား ၁၈.၈.၂၀၂၀ နေ့၌ သတင်းထုတ်ပြန်မှုနှင့်အတူ အိန္ဒိယနိုင်ငံ၏ အတ္တမနိဗ္ဗာဘာရတ် (Atmanirbhar Bharat) ခေါ် ကိုယ်ပိုင်စွမ်းအားဖြင့် ရှင်သန်ရပ်တည်ရေး ရည်မှန်းချက်နှင့်အညီ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည့် လယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်နိုင်ရန် မဟာဗျူဟာချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအတွင်း အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများအား ပြည်ပတင်ပို့မှုသည် တန်ဖိုးအားဖြင့် ရူပီးငွေ ၂၅၅ ဒသမ ၅၂၇ ဘီလီယံရှိရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရူပီးငွေ ၄၈ ဒသမ ၁၇၉ ဘီလီယံပိုမိုလျက် တိုးတက်မှု ၂၃.၂၄% ရရှိခဲ့ကြောင်း၊ ၎င်းပို့ကုန်များတွင် ဂျုံ၊ ကုလားပဲ၊ မြေပဲဆီနှင့် ပဲစင်းငုံတို့က အဓိက ပါဝင်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ လယ်ယာကဏ္ဍ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတွင် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်၌ ၉.၄% ရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၉.၉% သို့ တိုးတက်လာခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် လယ်ယာထွက် ကုန်တင်သွင်းမှုမှာ ၅.၇% မှ ၄.၉% သို့ကျဆင်းခဲ့ရာ ပြည်ပအပေါ် မှီခိုနေရမှုကို လျော့ချနိုင်ခဲ့ပြီး ပြည်ပတင်ပို့ရန် ပိုလျှံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင်ပင် ကမ္ဘာ့စားနပ်ရိက္ခာ သွင်းအားစုကွင်းဆက် ပုံပျက်ယွင်းမှုမဖြစ်အောင် ဂရုပြုလျက် ပြည်ပတင်ပို့မှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ အိန္ဒိယသည် လယ်ယာထွက်ကုန်ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်သော်လည်း ၎င်းကုန်စည်များအား တင်ပို့သည့် ထိပ်တန်းနိုင်ငံ များစာရင်း၌ ပါဝင်ခြင်းမရှိကြောင်း၊ ဥပမာအားဖြင့် ဂျုံထုတ်လုပ်မှုတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့် ၂ ဖြစ်သော်လည်း ဂျုံတင်ပို့ မှုမှာ ကမ္ဘာ့အဆင့် ၃၄ တွင်ရှိကြောင်း၊ အိန္ဒိယအား ကမ္ဘာ့ထိပ်တန်း လယ်ယာထွက်ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန်မှာ ကုန် စည်အုပ်စုအလိုက် ရှင်းလင်းတိကျသည့် ကြိုတင်စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယ စိုက်ပျိုးရေး၊ သမဝါယမနှင့် တောင်သူလယ်သမားများဖူလုံရေးဦးစီးဌာန (DAC&FW) သည် လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ဘက်စုံဆောင်ရွက်မှုမဟာဗျူဟာနှင့် အစီအမံများကိုရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးပြည့်စုံ သောမဟာဗျူဟာတစ်ရပ် ထူထောင်နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု မတိုင်မီကာလ၊ စိုက်ပျိုးထုတ်လုပ်စဉ်ကာလနှင့် ရိတ်သိမ်း ခူးဆွတ်ပြီးကာလတို့၌ ကြုံတွေ့ရသည့်ကိစ္စရပ်များ၏ အသေးစိတ်အချက်လက်များကို ကုန်စည်အုပ်စုအလိုက် လေ့လာဆန်းစစ် လျက် အားသာချက်များ၊ စိန်ခေါ်မှုများအပေါ် မည်သို့သောအစီအမံများ လုပ်ဆောင်သင့်သည်ကို ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ပို့ကုန်တန်ဖိုးမြှင့်တင်ရန်နှင့် သွင်းကုန်အစားထိုး စီမံချက်များဖော်ဆောင်ရန် အဓိကရည်ရွယ်လျက် အဆိုပါ လယ်ယာထွက်ကုန်တင်ပို့မှုမြှင်တင်ရေး မဟာဗျူဟာကို ရေးဆွဲခြင်းဖြစ်ကြောင်း၊ ပင်လယ်ကွေ့ ဒေသနိုင်ငံများသည် အဓိက ဦးတည်ရာဈေးကွက်များအဖြစ်ပါဝင်လျက်ရှိပြီး ပထဝီရေမြေအနေအထားအရ ဈေးကွက်တိုးချဲ့ရန် အလားအလာကောင်းမွန်သည့် ကုန်စည်အမယ်များစာရင်းပါဝင်သော ထုတ်ကုန်ဈေးကွက် ကွန်ချာ (Product market matrix) တစ်ရပ်ကို ဖော်ထုတ်ထားရှိကြောင်း သိရှိရပါသည်။

လက်ရှိကာလ၌ DAC&FW ဌာန၏ မေတ္တာရပ်ခံချက်အရ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနရှိ လယ်ယာထွက်ကုန်နှင့် ပြုပြင် ပြီးစားသောက်ကုန် ပြည်ပတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် စပျစ်၊ သရက်၊ ငှက်ပျော၊ ကြက်သွန်နီ၊ ဆန်၊ အာဟာရဖြည့် နှံစားသီးနှံ၊ သလဲသီး၊ ပန်းမန် တို့နှင့်သက်ဆိုင်သည့် ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲများ (Export Promotion Forums) ကို ၂ လလျှင် ၁ ကြိမ်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းဆွေးနွေးပွဲများ၌ သက်ဆိုင်ရာ ပို့ကုန်အမယ်အလိုက် ပို့ကုန်လုပ်ငန်းရှင်များ၊ ဗဟိုအစိုးရဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များက ကုန်ထုတ်လုပ်မှု၊ ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှုအခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်လျက် မူဝါဒဆိုင်ရာအကြံပြုချက်များ၊ စီမံခန့်ခွဲရေး ဆိုင်ရာ ဆောင်ရွက်သင့်သည့်အချက်များကို APEDA ရှိ ကဏ္ဍအလိုက်ကော်မတီများသို့ ပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Exports of agricultural commodities during March to June 2020 increased by 23.24%, 18 Aug 2020, Press Information Bureau of India

Category: International News